မလှိုင်၊ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စုရပ်(၅)နေရာထားရှိပြီး ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ဦးတည်အုပ်စုအလိုက် ပဉ္စမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့ပေါ်ရပ်ကွက်(၄)ခုအတွက် အ.ထ.က(မလှိုင်)၊ ကျွဲခြံ၊ အိုင်မရိုး၊ ဝမ္ဘဲလူး၊ သပြေပင်ကျေးရွာ အုပ်စုများအတွက် အ.ထ.က(ကျွဲခြံ)၊ သက္ကယ်ကျင်းကျေးရွာ အုပ်စုတွင် သက္ကယ်ကျင်း ကျေးရွာဘုန်းကြီးကျောင်း၊ လယ်ကြီးကျေးရွာအုပ်စုတွင် ဖောင်ရိုးတောဓမ္မာရုံ၊ မြင်းဦးလှည့်ကျေးရွာအုပ်စုတွင် အ.ထ.ကခွဲ (ညောင်ကုန်း) ကျောင်းတို့၌ ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားပြီး ပဉ္စမအသုတ်၊ ဒုတိယအကြိမ်ဖြစ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
အ.ထ.က(မလှိုင်) ဆေးထိုးစုရပ်တွင် (၇၆ဝ)၊ အ.ထ.က(ကျွဲခြံ) စုရပ်တွင် (၈၆ဝ)၊ သက္ကယ်ကျင်း ဘုန်းကြီးကျောင်းစုရပ်တွင် (၆၆ဝ)၊ ဖောင်ရိုးတောဓမ္မာရုံစုရပ်တွင် (၃၅၅)ဦး၊ အ.ထ.ကခွဲ (ညောင်ကုန်း) ကျောင်း စုရပ်တွင် (၃၉၀)ဦး စုစုပေါင်း (၃ဝ၂၅)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


