မလှိုင် ၁၄ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် မိုးကြက်သွန် (မိတ်စား ကြက်သွန် - ဒေသအခေါ်) စိုက်ပျိုးခြင်း စတင်လုပ်ကိုင်နေကြသည်။
"မိုးကြက်သွန်ကို ဝါခေါင်လမှာ စတင်စိုက်ပျိုးကြပါတယ်။ မနှစ်ကရတဲ့ မျိုးစေ့ကို ကြက်သွန်ဥ သေးသေးလေးတွေလုပ်ပြီး ခုချိန်စ စိုက်ပျိုးခဲ့တာပါ။တစ်ဧကမှာ ကောက်စိုက်သမ ၁၂ ယောက်လောက် သုံးရပါတယ်။ ပထမဆုံး ထရေး အရင်လုပ်ရပြီး စိတ်တိုင်းကျရင် မြေသြဇာ ထည့်ရပါတယ်။ ပြီးတော့ စမ်းဆွဲ(ဒေသအခေါ်)ပြီး ကောက်စိုက်သမနဲ့ စိုက်ရပါတယ်။ကျွန်တော်တို့ဆီမှာ ရွှေဖုလား ထိပ်မောက် ကြက်သွန်အမျိုးအစားကို စိုက်ပျိုးပါတယ်။"ဟု မလှိုင်မြို့ လယ်ကြီးကျေးရွာနေ ကြက်သွန်စိုက်တောင်သူ ဦးမြင့်ဝေက ပြောသည်။
"မျိုးကြက်သွန် စိုက်ပျိုးတဲ့အခါမှာ ကြက်သွန်မျိုးဥက တစ်ဧကကို ၁၃ တင်းနဲ့ ၁၄ တင်းလောက်ကုန်ပါတယ်။စိုက်ပျိုးချိန်ကာလအားဖြင့် သုံးလခွဲ လေးလခန့်ကြာမြင့်ပြီး ပေါင်းသတ်ဆေးဖျန်းခြင်း အားဆေး / ပိုးသတ်ဆေး စတာတွေလည်းဖျန်းရပါတယ်။ဒီကြားထဲမှာ ကြက်သွန်စျေး မကောင်းရင်တော့ ရှုံးတာများပါတယ်။မိုးကြက်သွန်ကို တစ်ပိဿာ ၉၀၀ ကျပ် / ၁၀၀၀ ကျပ် ဝန်းကျင်ရမှသာ တောင်သူတွေအနေနဲ့ အဆင်ပြေပါတယ်။" ဟု ကြက်သွန် စျေးကို ရှင်းပြသည်။
မိတ်စားကြက်သွန် တစ်ဧကလျင် ကုန်ချိန် ၄၀၀၀ ဝန်းကျင်ခန့် ထွက်ရှိကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
မလှိုင်မြို့တွင် ကြက်သွန်စိုက်ပျိုးခြင်းကို ကြက်သွန် ပျိုးထောင်စိုက်ပျိုးခြင်း နှင့် မိတ်စားကြက်သွန် စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးလေ့ရှိပြီး ပျိုးထောင်စိုက်ပျိုးခြင်းကို တန်ဆောင်မုန်းလများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
ဘိုဘို(မလှိုင်)