မြန်အောင် ၁၆ ဇူလိုင်
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမှုကဏ္ဍအား အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၄၀၀)ရှိ တောင်သူ ဦးအုန်းလွင်၏ လယ်မြေ (၂)ဧကတွင် RS to CS မျိုးစေ့ထုတ် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ကောက်စိုက်စက် အသုံးပြု၍ စပါးစိုက်ပျိုးခြင်းသည် ပျိုးဗန်းဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း ဖြစ်သည့်အတွက် တစ်ဧကလျှင် စပါးမျိုးစေ့ (၈)ပြည်မှ (၁၀)ပြည်ခန့်သာ ကုန်ကျရာ ယခင် မျိုးစပါးသုံးစွဲမှုထက် (၂)တင်းမှ (၄)တင်းအထိ သက်သာစေပြီး ပျိုး(၁၅)ရက်သားတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် သင့်တော်သည့် (၆)လက်မ အရွယ်ခန့်ရှိသည့် ပျိုးပင်ကို ရရှိကြောင်းနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ တစ်ဧကလျှင် ကျပ် ၂၅၀၀၀ ဖြင့် ကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)


