မြန်အောင်      ဇူလိုင်      ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၂-၂၀၂၃ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျ ဧက ၄၀၀ ကွင်းရှိ ကွင်းအမှတ် (၂၃၇/က) တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

 

သရုပ်ပြပွဲတွင် ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာများကို မြန်အောင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေထွန်းက ရှင်းလင်းပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင် စိုက်ပျိုးသရုပ်ပြသည်။ မြန်အောင်မြို့နယ်တွင် KUBOTA (၆)တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါး ဧက ၂၀ စိုက်ပျိုးနိုင်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)