မြန်အောင် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြန်အောင်တာ မိုင်(၅/၆)နှင့် (၅/၇)အတွင်း ကမ်းပြိုကမ်းစားမှုကာကွယ်ရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်းများကို မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခြုံဖြည့်မျှောတုတ်တန်းရိုက်ခြင်း အလျားပေ ၂၅၀ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်ခဲ့သော နေရာအနီးရှိ ရေကာတာမှာ ၂၀၁၉ ခုနှစ်၌ တာလုံးရွှေ့ခြင်း၊ ပန်းတာ တည်ဆောက်ခြင်း ဆောင်ရွက်ထားသော ရေကာတာဖြစ်ပြီး မီးရထားလမ်း၊ မြန်အောင် - ကြံခင်း ကားလမ်းနှင့် နီးကပ်လျက်ရှိကြောင်း၊ နှစ်စဉ် ဧရာဝတီမြစ်ရေတက်ချိန်၌ ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်တွင် မြန်အောင်တာ မိုင် (၅/၆)နှင့် (၅/၇)အတွင်း တာခြေနှင့် ၁၅ ပေခန့် နီးကပ်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရှိရသည်။
ဝင်းဗိုလ်(မြန်အောင်)