မင်းဘူး ၃၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဩဂုတ် ၃၁ ရက်၊ နံနက် ၂ နာရီဝန်းကျင်ခန့်က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး၊ အဆိုပါ မိုးရွာသွန်းမှုကြောင့် မင်းဘူးမြို့နှင့် စကုမြို့သွားကားလမ်း စစ္စလီကွေ့ အနီးရှိ ရေကျော်ချောင်းတွင် ယနေ့နံနက်ပိုင်းက ချောင်းရေကျမှုများနေသည့်အတွက် ခရီးသွားပြည်သူများ စီးနင်းသွားလာသည့် မော်တော်ဆိုင်ကယ်များ၊ ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ကူးလူးဖြတ်သန်းသွားလာရန် အန္တရာယ်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့ပေါ်လူမှုကူညီရေးအသင်းအဖွဲ့များက ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်မှာ ညပိုင်း ၂ နာရီဝန်းကျင်လောက်က မိုးသည်းထန်စွာ ရွာသွန်းသွားခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ယနေ့နံနက်ပိုင်းမှာ မင်းဘူးမြို့နှင့် စကုမြို့သွားကားလမ်း စစ္စလီကွေ့အနီးက ရေကျော်ချောင်းကူးတံတားမှာ ချောင်းရေကျမှုများပြီး မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်ကြီးတွေ ကူးလူးဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိတဲ့အတွက် ကျွန်တော်တို့ ခရိုင်မီးသတ်ဦးစီးဌာနမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့် အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မင်းဘူးမြို့၊ ဗြဟ္မစိုရ် ပရဟိတလူမှုကူညီအသင်းတို့ ပူးပေါင်းပြီး ခရီးသွားပြည်သူများ စိတ်အေးချမ်းစွာသွားလာနိုင်ရေးအတွက် မနက် ၈ နာရီ ၁၅ မိနစ်ကစပြီး ကွင်းဆင်းဆောင်ရွက်ပေးတာဖြစ်ပြီး လက်ရှိမှာတော့ ချောင်းရေကျမှုက နည်းသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ခုတစ်ခါထပ်ပြီး မင်းဘူး(စကု) မြို့နယ် ဇရပ်ကြီးကျေးရွာအနီးက မင်းဘူး - စကု သွားကားလမ်း နွားကူးချောင်းတံတားမှာ ချောင်းရေများ တံတားရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာ ချောင်းရေလျှံမှုတွေဖြစ်နေလို့ ကျွန်တော်တို့အဖွဲ့တွေ သွားရောက်ကူညီဆောင်ရွက် ပေးနေပါတယ်။ ချောင်းရေကျမှုနဲ့ ပတ်သက်ပြီး ခုချိန်ထိတော့ ဆုံးရှုံးမှုတွေ မရှိသေးပါဘူး။ ချောင်းရေကျမှု လျော့နည်းသွားသည်အထိ ကျွန်တော်တို့အဖွဲ့တွေ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ပြောကြားချက်အရ သိရသည်။
လှိုင်ဝင်းလေး ( ပုဂံမြေ )


