မင်းဘူး ၂၆ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေနစ်မြုပ်၍ ဆုံးရှုံးသွားသဖြင့် ရေပုတ်ကျေးရွာ စိုက်ခင်းများထဲမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များ ရောင်းအားကောင်း၍ အရောင်းသွက်လာကြောင်း ရေပုတ်ကျေးရွာမှ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချနေသော တောင်သူတစ်ဦးထံမှ သိရသည်။

 

မကွေး-မင်းဘူးကြားရှိ ရေလယ် မြေနုကျွန်းတွင် စိုက်ပျိုးထားသော စိုက်ခင်များထဲမှ အပင်များမှာ ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ ချဉ်ပေါင်၊ ခဝဲသီး၊ ပဲသီးနှင့် ပြောင်းဖူးပင်များဖြစ်ကြောင်း သိရသည်။ မြစ်ရေတွေ တဟုန်ထိုးတက်လာပြီး နစ်မြုပ်သွားတာမျိုး မဟုတ်ပေမယ့် စိုက်ခင်းများထဲမှ သီးပင်စားပင်များ ရေနစ်၍ ဆုံးရှုံးသွားမှာဆိုးသောကြောင့် အချိန်မတန်ဘဲ ခူးဆွတ်ပြီး ရောင်းရတာဖြစ်လို့ သီးနှံဈေးနှုန်းများ ရသင့်သလောက်မရကြောင်း မြေနုကျွန်းထဲတွင် စိုက်ပျိုးထားသော တောင်သူများထံမှ သိရသည်။

 

ကျွန်မတို့ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေဟာ အရင်တုန်းကလည်း ရောင်းတော့ ရောင်းရတာပေါ့နှော။ ဒါပေမယ့် ဟင်းသီးဟင်းရွက်ကုန်တွေက ပေါနေတော့ သူ့ဟာယူပါ၊ ကိုယ့်ဟာယူပါ လုရောင်းရတာပေါ့။ အခုတော့ မြေနုကျွန်းပေါ်မှာ စိုက်ပျိုးထားတဲ့ တောင်သူတွေဆီက မရတော့ မင်းဘူးမြို့ ဘေးပတ်လည်မှာရှိတဲ့ ရွာတွေက ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ လိုက်ဝယ်ပြီး ရောင်းနေရတော့ တချို့ဆို အခက်အခဲရှိတော့ မရောင်းကြတော့ဘူးလေ။ ဒါကြောင့် ရောင်းသူနဲ့ ကုန်နဲ့ နည်းသွားတော့ ကျွန်မတို့ ဟင်းသီးဟင်းရွက်တွေ ရောင်းအားကောင်းပြီး အရောင်းသွက်လာတာပေါ့ဟု ရေပုတ်ကျေးရွာမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူ မသဇင်နွယ်က ပြောသည်။

 

ဝင်းနိုင် (မင်းဘူးခရိုင် ပြန်/ဆက်)

 

mdn