မင်းဘူး ၂၃ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ပုံငွေကျပ် ၉၅၄ ဒသမ ၈၂၅ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် လမ်း၊ တံတား၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၇၂)ခု အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားရှိသည့်လုပ်ငန်းများမှာ မင်းဘူး (စကု) မြို့နယ် စကုမြို့၊ အမှတ်(၃)ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ရန်ပုံငွေကျပ် သိန်း(၅၀)ဖြင့် လမ်းအရှည်ပေ ၅၆၀ အား လမ်းအကျယ် ၁၈ ပေ၊ ထု ၆ လက်မ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် ရန်ပုံငွေကျပ် သိန်း(၂၀)ဖြင့် ပဲနကူးနတ်စင်လမ်း အရှည်ပေ ၂၈၀ အား လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ ရန်ပုံငွေကျပ် (၅၇)သိန်းဖြင့် မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (၅)လမ်း အရှည်ပေ ၁၄၃ ပေ အား ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် လမ်းအကျယ် ၁၅ ပေ၊ ထု ၉ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနွဲ့အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းကိုကိုတို့က လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မင်းဘူးမြို့နှင့် စကုမြို့တို့တွင် ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထံက သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)