မင်းဘူး  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေသုံးသောင်းကျပ်ကို ယနေ့ နံနက်ပိုင်း က တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယခုအခါ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လတာကာလ၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၀၆)ဉီးရှိပြီး တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၀,၁၈၀,၀၀၀) ကျပ်တိတိကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)