မင်းဘူး ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် လျာထားချက်မှာ ၄၀၄၃၈ ဧကရှိရာ ၁၂၇၉၃ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရာ၌ ရေပေးဝေမှုမှာ အိုင်းမဆည်မှ ၁၀၈၃၇ ဧက၊ မဲဇလီဆည်မှ ၈၃၂ ဧကနှင့် လျှပ်စစ်မြစ်ရေတင် စိုက်ပျိုးခြင်းတွင် ကန်းနီမြစ်ရေတင် စီမံကိန်းမှ ၁၈၆ ဧက၊ ကျောက်စံမြစ်ရေတင်စီမံကိန်းမှ ၃၅ ဧက၊ အောင်ပင်လယ် မြစ်ရေတင်စီမံကိန်းမှ ၁၃ ဧက၊ မြေအောက်ရေဖြင့် ၇၇၅ ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် ၁၁၅ ဧကဖြစ်၍ စုစုပေါင်း ၁၂၇၉၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။

မိုးစပါးစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် စပါးစိုက်ပျိုးမှု နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ အစေ့ချ စိုက်ပျိုးသောနည်း၊ ပျိုးထောင်စိုက်ပျိုးသော နည်းများအပြင် ဓာတ်မြေဩဇာ သုံးစွဲနည်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း စသည့် ပံ့ပိုးမှုများ၊ မြေဆီလွှာပြုပြင်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု အသုံးပြုခြင်း နည်းပညာ၊ စပါးပင်ဖျက်ပိုး နှိမ်နင်းခြင်း နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)