မင်းဘူး ၂၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မိုးနှောင်းဝါစိုက် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက DOA မှ ထောက်ပံ့သော ရွှေတောင်(၈) ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက မျိုးစေ့ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားပြီး တက်ရောက်လာသော ဝါစိုက်တောင်သူများကို DOA မှ ထောက်ပံ့သော ရွှေတောင်(၈)ဝါမျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဝါသီးနှံကို မိုးရာသီကာလ ပထမမိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဒုတိယသီးနှံ အဖြစ်စိုက်ပျိုးလေ့ရှိကြောင်း၊ ယာမြေများတွင် မြေမဆန်သောနေရာများ၌ စိုက်ပျိုးပါက သီးနှံပို၍ဖြစ်ထွန်းပြီး ရေငတ်ဒဏ်နှင့် အပူဒဏ်ကို ကောင်းစွာခံနိုင်ရည်ခြင်း၊ ရေမြေဒေသနှင့် ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်မှုရှိခြင်းတို့ကြောင့် ဝါသီးနှံကို စိုက်ပျိုးကြကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်မိုးရာသီအတွင်း ဝါသီးနှံကို ဧက ၅၀၀၀ ကျော် လျာထားဆောင်ရွက်နေပြီး ပိုက်သင်၊ ထိန်းတော၊ ပုဂံစစ်၊ မကျီးစု၊ မကျီးသုံးပင်၊ ပက်ပယ်၊ ချောင်းဖြူ၊ ကျွန်းပြား၊ ဓါတ်ကုန်းနှင့် မင်းလှကျင်းကျေးရွာများတွင် မိုးနှောင်း ဝါသီးနှံအဖြစ် ဧက ၆၁၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)