မင်းဘူး    ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် စပါးမျိုးစေ့ထုတ် ကန်ထရိုက်လယ်ယာမြေစနစ် ဧက ၅၀၀ စိုက်ပျိုးဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကျောက်စံကျေးရွာရှိ ကွင်းအမှတ်(၁၂၀၃)၊ ဒေသခံတောင်သူ ဦးသန်းလွင်၏ လယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

စံကွက်ရိတ်သိမ်းဆောင်ရွက်ရာတွင် တောင်သူ ဦးသန်းလွင်၏ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ၈ ဒသမ ၁၅ ဧက အတွင်း၌ သုည ဒသမ ၁၀ ဧက အရွယ်အစားရှိ ပခန်းရွှေဝါ မျိုးစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း စပါး(အစို) ၉၆ ဒသမ ၇၅ တင်း ထွက်ရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်စံကျေးရွာရှိ ကွင်းအမှတ် (၁၂၀၃)အတွင်း၌ ဒေသခံတောင်သူ (၁၃)ဦးနှင့် မုန်းသီတာကုမ္ပဏီလီမိတက်၊ ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ပခန်းရွှေဝါနှင့် ဆင်းသုခ မျိုးစပါးစိုက်ဧရိယာ စုစုပေါင်း ၅၉ ဒသမ ၈၈ ဧကကို ဧပြီလက ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စတင်စိုက်ပျိးခဲ့ကြပြီး ယခုအခါ စပါးများ စတင်ရိတ်သိမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

ထို့နောက် မျိုးစပါးနှင့် ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းမှ ပံ့ပိုးကူညီသော မျိုးစေ့ထုတ် ကန်ထရိုက်လယ်ယာမြေစနစ် ဧက ၅၀၀ လုပ်ငန်းဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် တစ်ဧကလျှင် ဧရာမင်းမျိုးစပါး ၁ ဒသမ ၅ တင်းနှုန်း၊ သဘာဝဓာတ်မြေဩဇာ ၅ အိတ်နှုန်း၊ ယူရီးယာနှင့် ကွန်းပေါင်းဓာတ်မြေဩဇာ တစ်အိတ်နှုန်းဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေး ကဏ္ဍနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်း၌ ဒေသခံတောင်သူများနှင့် မုန်းသီတာကုမ္ပဏီလီမိတက်၊ ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် စပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၅၀၀ ကို တောင်သူပေါင်း ၄၂၁ ဦးဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)