မင်းဘူး  စက်တင်ဘာ  ၁၃

     

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အသက် (၁၂) နှစ်မှ (၁၅)အထိ ကျောင်းသား ကျောင်းသူ (၂၀၀၀၀)ခန့်အား  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်၏ ပြောပြချက်အရ သိရသည်။

     

အဆိုပါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းကို အထက (၁) မင်းဘူး၊ အထက (စကု)၊ အထက ကျောက်စံ၊ အထက ဆင်ခေါင်း၊ အထက မုန်တောင်၊ အထက ရွာသာယာ၊ အထက (ခွဲ) ဆည်တော်၊ အထက (ခွဲ) လေးပင်၊ အလက ခံကုန်းကျောင်းများတွင် ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးခဲ့ကြသည်။

     

ထိုသို့ ထိုးနှံပေးရာတွင် မူ(လွန်) ကျောင်း (၁၈) ကျောင်း၊ အလက (ခွဲ) (၁၀) ကျောင်း၊ အလက (၂၆) ကျောင်း၊ အထက (ခွဲ) (၂၅) ကျောင်း၊ အထက (၉) ကျောင်းဖြစ်၍ ကျောင်းပေါင်း (၈၈) ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၀၀၀၀) ခန့်အား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိပြီး ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်း များက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် အနည်းအများ တိုင်းတာခြင်းစသော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)