မင်းဘူး(စကု)မြို့နယ်ရှိ သားမွေးချောင်း(နွားကူးရိုး)တစ်လျောက် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ချောင်းရိုးတူးဖော်ခြင်း၊ တာဘောင်ဖို့ခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဇွန် ၁၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သားမွေးချောင်း(နွားကူးရိုး) တစ်လျောက် ဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ၊ လူနေအိမ်၊ ရပ်ကွက်များနှင့် မင်းဘူး-စကု ကားလမ်းမကြီးတွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် ချောင်းရိုးတူးဖော်ခြင်း၊ တာဘောင်ဖို့ခြင်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်/မြောင်း)က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ပြီး အဆိုပါချောင်းရိုးတစ်လျောက်အား စက်ယန္တရားများဖြင့် တူးဖော်ပြုပြင်ခြင်းနှင့် ဘောင်ဆင့်ခြင်း၊ ရေဆိုးထုတ်မြောင်း ဆောင်ရွက်ခြင်း၊ ဒေါ်ဒွန်းပင်းတားဘေးတွင် ပေ ၂၀ အကျယ် (၅ ပေ x ၇ ပေ) အရွယ်အစားရှိ ရေတံခါးလေးပေါက်ပါရှိသော ဒေါ်ဒွန်း ရေတံခါးအသစ်တစ်ခု တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို ဦးစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၇၀ ဖြင့် စကုမြို့ ခ.လ.ရ(၁၀)အတွင်း၌ (ပေ ၄၀ x ၁၄ ပေ)ရှိ သံကူကွန်ကရစ် တံတာတစ်စင်း တည်ဆောက်ခြင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(သာမန်)မှ ထပ်မံခွင့်ပြုသည့် လုပ်ငန်း ၅ ခုအတွက် ညောင်ကိုင်းတံတားအနီး ရေလွှဲချောင်းတူးဖော်ခြင်းနှင့် ယင်းတူးဖော်မှုအား မြေယာလျော်ကြေးငွေ ပေးချေးခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၉ ဒသမ ၁၄ ကျပ်သန်း၊ (၅၂ ပေ x ၁၀ပေ)ရှိ ညောင်ကိုင်း သစ်သားတံတား တည်ဆောက်ခြင်းကို ခွင့်ပြုငွေ ၃၇ ဒသမ ၅၀ ကျပ်သန်း၊ ပေတိုင် ၁၀၉၅၀ မှ ၁၆၀၀၀ အထိ တာပေါင်ဖို့ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၃၅ ဒသမ ၃၃ ကျပ်သန်း၊ စကု-ဆင်ခေါင်း ကားလမ်းတံတား ဝဲ/ယာရှိ ရေဆိုးထုတ်မြောင်းများမ ှရေများ ချောင်းအတွင်းသို့ လျင်မြန်စွာ စီးဆင်းနိုင်စေရန် (၆ ပေ x ၄ ပေ)ရှိ Spill-in နှစ်လုံး တည်းဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၇ ဒသမ ၀၇ ကျပ်သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်/မြောင်း)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလိုင်က ပြောသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအားလုံး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ထပ်မံဆောင်ရွက်ရန် ကျန်ရှိသည့် တာပေါင်ဖို့ခြင်းလုပ်ငန်းနှင့် Flap Gate Structure လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

စကုမြို့ရှိ သားမွေးချောင်း(နွားကူးရိုး)သည် စကုမြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ လက်ခုပ်ပင်ကျေးရွာအနီးမှ ချောင်းဖျားခံ၍ စတင်စီးဆင်းလာကာ ချောင်းတစ်လျှောက်တွင် ပင်းတားတစ်ခု၊ တံတား ၉ ခု၊ စကုမြို့ပေါ်ရပ်ကွက် နှစ်ခု၊ ဘောလုံးကွင်း၊ ဆေးရုံ၊ စကု ခ.လ.ရ(၁၀) တို့အပါအဝင် ချောင်းအပေါ်ပိုင်းရှိ ကျေးရွာ ၃ ရွာ၊ ချောင်းအောက်ပိုင်းရှိ ကျေးရွာ ၂ ရွာတို့အား ဖြတ်သန်းစီးဆင်းပြီး ချောင်းအစအဆုံး အရှည်ပေ ၃၈၁၀၀ ဖြင့် စကုမန်းချောင်းထဲသို့ စီးဝင်သော ချောင်းရိုးတစ်ခုဖြစ်ကြောင်း ဦးတင်မျိုးလှိုင်ပြောပြ၍ သိရသည်။

 

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် မိုးတွင်းကာလ သားမွေးချောင်း(နွားကူးရိုး) ဘေးဝဲ/ယာ တစ်လျောက်ရှိ စိုက်ပျိုးမြေ ဧက ၂၀၀၀ ကျော်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ထို့အတူ စကုမြို့ပေါ်ရှိ မြေနိမ့်ပိုင်းမှ လူနေအိမ်နှင့် ရပ်ကွက်များ၊ စကုမြို့ပြည်သူ့ ဆေးရုံ၊ ပြည်သူ့အားကစားကွင်း၊ စကုမြို့ အမှတ်(၁၀) ခြေလျင်တပ်ရင်းအတွင်းရှိ အိပ်ဆောင်များနှင့် ချောင်းအောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ရေကြီးရေလျှံမှုမှ လျော့နည်းသက်သာစေမည့်အပြင် မင်းဘူး-စကု ကားလမ်းမကြီးတွင်လည်း ရေကြီးရေလျှံမှုမှကင်းဝေးပြီး မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များသို့ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)