မင်းဘူး ၁၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြသန့်ရှင်းသာယာလှပရေး အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းကိုကိုတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၉)သန်းဖြင့် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ၁၄ လမ်းအား အရှည်ပေ ၃၄၀၊ အကျယ် ၂ ပေ ၆ လက်မ၊ အနက် ၃ ပေ အုတ်ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၄ ဒသမ ၆၅ သန်းဖြင့် အရှည်ပေ ၂၄ ပေ၊ အကျယ် ၆ ပေ ကွန်ကရစ်တံတား(၂)စင်း တည်ဆောက်နေမှုနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၈ ဒသမ ၃၅ သန်းဖြင့် မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်း အရှည်ပေ ၃၃၀၊ အကျယ် ၂ ပေ ၆ လက်မ၊ အနက် ၃ ပေ အုတ် ရေနုတ် မြောင်းတူးဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းကြီးကြပ်အင်ဂျင်နီယာ ဒေါ်အေးသန္တာမိုး (အငယ်တန်း အင်ဂျင်နီယာ-၂)က လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆောင်ရွက်နေသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်စည် ပင်သာယာရေးအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၅၀ ဒသမ ၆၅၁ သန်းဖြင့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ရေရှိရေးလုပ်ငန်းနှင့် လမ်းတံတား တည်ဆောက်ခြင်း လုပ်ငန်းများဖြစ်သည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း(၉၃)ခု အား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


