မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စားသုံးဆီနှင့်စက်သုံးဆီ ပြတ်လပ်မှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် အရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စားသုံးဆီနှင့်စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆီခွဲတမ်းရရှိမှုများအပေါ် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးစေလိုကြောင်း၊ ရောင်းချပေးရာတွင်လည်း ဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆီလက်ကျန်များကို ထိန်ချန်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် လယ်ယာလုပ်ငန်းခွင်များ၌ စပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံ စိုက်ပျိုးချိန်များဖြစ်၍ လယ်ယာသုံးစက် ကိရိယာများ မောင်းနှင်လည်ပတ်နိုင်ရေးကိုလည်း စနစ်တကျစီမံခန့်ခွဲပြီး ရောင်းချပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်က စားသုံးဆီနှင့်စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် ဆီအဝင်အထွက် ရောင်းချပေးမှုစာရင်းများကို စားသုံးသူရေးရာဦးစီးဌာနတွင် မှတ်တမ်းများထားရှိပြီးဖြစ်သောကြောင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ မသမာမှုများဖြင့် တရားမဝင် ရောင်းချမှုမရှိစေရေးနှင့် ရောင်းချသည့်ဆိုင်များ စိစစ်တွေ့ရှိပါက စုံးစမ်းစစ်ဆေးပြီး အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသော အရောင်းဆိုင်လုပ်ငန်းရှင်းများက စားသုံးဆီခွဲတမ်းများအလိုက် ရောင်းချပေးနေမှုနှင့် စားသုံးဆီခွဲများ ထပ်မံရရှိရေးကိုလည်းကောင်း၊ စက်သုံးဆီအရောင်းဆိုင်များက လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု အခက်ခဲနှင့် စက်သုံးဆီခွဲတမ်းများရရှိမှုအပေါ် လုပ်ငန်းအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချပေးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)