မင်းဘူး ဒီဇင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ပြီး လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကြီး အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့အဖြစ် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက အနယ်နယ်အရပ်မှ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကြီးကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှစတင်ပြီး ၂၁ ရက်နေ့အထိ (နေ့စဉ် ညနေ ၅ နာရီမှ ည ၉ နာရီခွဲထိ) (၇)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိပြီး နယ်လှည့်ဈေးရောင်းချသည့် ဈေးသည်များ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်၍ ရောင်းခွင့်ပြုပေးရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်ကြီးတွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ် စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုး၊ လက်ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချပေးလျက်ရှိပြီး စားသောက်ဆိုင်တန်းများ၊ အညာဒေသ ရိုးရာမုန့်မျိုးစုံဆိုင်တန်းများနှင့် ကလေးကစားကွင်းများလည်းပါဝင်ကာ စုပေါင်းဈေရောင်းပွဲတော် ကာလတစ်လျောက် နေ့စဉ် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)