မင်းဘူး ၂၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နှင့် စကုမြို့တို့တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၅၇ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး အဆိုပါ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ယခုလက်ရှိတွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူး (စကု) မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။
မင်းဘူးမြို့နှင့် စကုမြို့တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မြို့တွင်းလမ်းတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၊ ရေပေးဝေရေးလုပ်ငန်း၊ စက်ယန္တရားပြုပြင်ခြင်းလုပ်ငန်း၊ ဝန်ထမ်း အိမ်ရာပြုပြင်ခြင်းလုပ်ငန်းနှင့် အခြား မြို့တွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပါဝင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၅၇ ခု အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၅၇၃ ဒသမ ၉၀ သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်အတွက် ဇူလိုင် ၂၃ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် စွမ်းရည်၊ ဦးကျော်ငွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနွဲ့အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်း၊ စကုမြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအလိုက် ကဏ္ဍတစ်ခုချင်းစီအား တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေလတ်က လတ်တလော ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပြီးစီးရန်အတွက် စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့သည်။
“ ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့နှင့် စကုမြို့တို့မှာ မြို့တွင်းလမ်းတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ စက်ယန္တရားပြုပြင်ခြင်းလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားမြို့တွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၅၇ ခုကို ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ ဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံးဟာ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်အမှုဆောင်အရာရှိ ဦးဝင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေလတ် က ပြောပြသည်။
လှိုင်ဝင်းလေး ( ပုဂံမြေ )


