မင်းဘူး ၁၅ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာ ၇ ရွာ၌ ပြည်သူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက် ပူးပေါင်း၍ အိမ်တိုင်ရာရောက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ၇ ရွာမှာ အိုင်းမ၊ ဇီးအိုင် ၊ ဖလံရုံ ၊ ရွာသစ် ၊ မကျီးပင်၊ ရေငံ၊ တဲကုန်းကျေးရွာများဖြစ်ပြီး အိမ်တိုင်ရာရောက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာ ၇ ရွာမှ ပြည်သူများ ကျေးလက်ဦးစီးဌာန ယူနီဆက် တို့ပူးပေါင်း သဘောတူညီမှု လက်မှတ်ရေးထိုးပွဲအခမ်း အနားအား ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က အဖွင့် အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်မှူး ဦးသိန်းဇော်ကံမှ ယခုလိုရေမီတာသုံး ပိုက်လိုင်းစနစ်နဲ့ ရေရရှိရေးဆောင်ရွက်ကြမည့်ကျေးရွာများအနေနဲ့ စည်းလုံး ညီညွတ်စွာလုပ်ကိုင်ကြရန်နှင့် ရေရှည် အသုံးပြုနိုင်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ယူနီဆက်ကိုယ်စားလှယ် ဦးခင်အောင်သိန်းက ယခုလို ရေမီတာစနစ်နဲ့ ရေရရှိရေးဆောင်ရွက်သည်မှာ မြို့နှင့် အလှမ်းကွာသောကျေးရွာများအား အဓိကဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ယူနီဆက်မှ လိုအပ်သော ရေပိုက်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ကျေးရွာမှ လုပ်အားစိုက်ထုတ်ရေမီတာများဝယ်ယူရမည်ဖြစ်ပြီး ကျေးလက်ဦးစီးဌာနမှ လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက သောက်သုံးရေအတွက် ဘေးကင်းလုံခြုံစိတ်ချရသော အိမ်တိုင်ရာရောက် ရေပေးရေးစနစ်ဖြစ်ပေါ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီးဌာနအနေဖြင့် ရေပိုက်လိုင်း သွယ်တန်းရာတွင် လိုအပ်သောနည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါရေရရှိရေးလုပ်ငန်းများကို ယခုနှစ် မေလမှစ၍ ၂၀၂၀ ခု စက်တင်ဘာလ အတွင်းလုပ်ငန်းအားလုံးပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါကကျေးရွာ ၇ရွာမှ အိမ်ခြေ ၁၀၉၆ လူဦးရေ ၄၈၀၈ ဦးတို့သောက်သုံးရေ ရရှိရေးအတွက်အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)