မင်းဘူး ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာလေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းပို့ချခြင်း အခမ်းအနားကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ မင်းဘူးမြို့နယ်အတွင်း ကျောက်စံကျေးရွာ၊ အလံပါယ်ကျေးရွာ၊ ကြီးပင်ကန်(န)ကျေးရွာ၊ ကုန်းသာကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများ လေ့လွင့်ဆုံးရှံးမှု မရှိစေရန်၊ ငွေစာရင်းဇယားများ စနစ်တကျဖြည့်သွင်းတက်စေရန်နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူစေရန်အတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမျိုးသူမှ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရာ၌ ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ၊ စာရင်းဇယားများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျောက်စံကျေးရွာ၊ အလံပါယ်ကျေးရွာ၊ ကြီးပင်ကန်(န)ကျေးရွာ၊ ကုန်းသာ ကျေးရွာတို့မှ ကော်မတီဝင် (၂၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို သင်တန်းနည်းပြများက တစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
ဇင်မာ(ကျေး/လက်)