မင်းဘူး ၁၈   စက်တင်ဘာ        

           

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အရေးပါ် လူနာကုသဌာန (Emergency Department)အဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ၈၂ ဒဿမ ၄၅ သန်းဖြင့် အလျား ၇၅ပေ၊ အနံ ၃၈ပေ၊ တစ်ထပ်ဆောင်ကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့မှ စတင်ကာ တင်ဒါအောင်မြင်ခဲ့သည့် ထွန်းလင်းကို ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် လျက်ရှိပြီး ယနေ့အထိ လုပ်ငန်း အားလုံး ၉၅ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

mdn

 

ခုတင် ၂၀ဝ ဆေးရုံဖြစ်ပြီး ကွန်ပျူတာဓါတ်မှန်စက်(CT) မရရှိလို့ (CT)ဓါတ်မှန်ရိုက်မယ့် လူနာတွေကို မကွေးဆေးရုံကြီးကို လွှတ်နေရတယ်၊ လက်ရှိ အရေးပေါ်လူနာကြည့်ခန်းက ကျဉ်းနေတော့ ဒီအခက်အခဲတွေကို နေပြည်တော်ကုသရေး ဦးစီးဌာန(ရုံးချုပ်)ကို တင်ပြပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုရန်ပုံငွေနဲ့ ယခုလို ဆောက်လုပ်ရခြင်း ဖြစ်ပါတယ် ဟု ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားသည်။ 

 

အဆိုပါ တိုးချဲ့ဆောင်သစ် ဆောက်လုပ်ပြီးစီးပါက အရေးပေါ်လူနာကုသဌာန အနေဖြင့် ကျယ်ကျယ် ဝန်းဝန်း ကုသပေးနိုင်မည်ဖြစ်ပြီး ကွန်ပျူတာဓါတ်မှန်စက်(CT)ခန်းနှင့် အရေးပေါ် လူနာစောင့်ကြည့် ခန်းများ ပါရှိမှာဖြစ်၍ လာရောက်ကုသမည့် လူနာများအတွက် များစွာအထောက်အကူ ပြုမှာဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)