မင်းဘူး     ၂၅  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။

“ရန်ကုန်(NHL)ကို နိုဝင်ဘာ ၁၅ ရက်က ဓာတ်ခွဲနမူနာ ရယူပေးပို့စစ်ဆေးခဲ့ရာမှ နိုဝင်ဘာ ၁၈ ရက်မှာ  ပိုးတွေ့အဖြေသိရှိခဲ့ရတာပါ။ ဆေးရုံဆင်းသတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်းမွန်တာ ကြောင့် ဆေးရုံဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဆေးရုံဆင်းခွင့်ရရှိသူတွေက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့အညီ Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားကြရမှာ ဖြစ်တယ်” လို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသူများမှာ ရန်ကုန်မြို့က ပြန်လာသူများဖြစ်ပြီး စကုမြို့ အောင်သုခရပ်ကွက်မှ တစ်ဦး၊ တဲကုန်းကျေးရွာမှ တစ်ဦး၊ လက်ပံတောကျေးရွာမှ တစ်ဦးနှင့် ဖလံတောအုပ်စု သီးကုန်းကျေးရွာမှ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့တွင် နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၁၁၁) ဦးအထိ တွေ့ရှိခဲ့ပြီး ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦး အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူ (၉၂)ဦးရှိပြီဖြစ်ကြောင်း၊ လက်ရှိ ဆေးရုံကြီးတွင် တက်ရောက်ကုသဆဲလူနာ (၁၇)ဦးရှိကာ သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားသည်။

မောင်မောင်(မင်းဘူး)