မင်းဘူး ၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ ပြည်သူများ စနစ်တကျ မောင်းနှင်သွားလာနိုင်စေရန် ရည်ရွယ်၍ ဇွန် ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူး-မကွေး ကားလမ်း၊ မင်းဘူးမြို့မရဲစခန်းရှေ့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မင်းဘူး)မှ ဒုရဲမှူး မောင်မောင်သန်း ဦးဆောင်သော အဖွဲ့ဝင် (၁၅)ဦးတို့သည် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ်မပတ်ဘဲမောင်းနှင်ခြင်း၊ ယာဉ်လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဆီးဦးထုပ် မပါခြင်း၊ ဆိုင်ကယ်ဆီးဦးထုပ် မေးသိုင်းကြိုး မပါခြင်း၊ နောက်ကြည့်မှန်မပါခြင်း၊ နောက်နံပါတ်ပြားမပါရှိခြင်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မောင်းနှင်ခြင်းမရှိသော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နေ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် စည်းကမ်းမဲ့ မော်တော်ယာဉ်များ ဖမ်းဆီးစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မင်းဘူး)မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


