ရန်ကုန် ၂၄ ဩဂုတ်
ရန်ကုန်မြို့ မင်္ဂလာဈေး တည်ဆောက်ရေးလုပ်ငန်းများ ၅၄ ရာခိုင်နှုန်းကျော် ပြီးစီးကြောင်း ဈေးတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
လက်ရှိမင်္ဂလာဈေးဆောက်လုပ်နေသည့် အခြေအနေနှင့်ပတ်သက်၍ ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာနေလင်းထွန်းက “ဒီမင်္ဂလာဈေး အဆောက်အဦက မြေအောက်ထပ် နှစ်ထပ်ခွဲ လောက်ပါတယ်။ ဒီမြေအောက် လုပ်ငန်းတွေကို တော်တော်လေး အချိန်ယူပြီးလုပ်ရပါတယ်။ အခုကတော့ မြေအောက်လုပ်ငန်းတွေ အတော်လေး ပြီးသွားပါပြီ။ မြေပေါ်ကိုလည်း စပြီးတက်နေပါပြီ” ဟု ပြောကြားခဲ့သည်။
အသစ်တည်ဆောက်လျက်ရှိသော မင်္ဂလာဈေးတွင် မြေအောက်ထပ် နှစ်ထပ်၊ မြေညီထပ် နှစ်ထပ်နှင့် မြေပေါ် အထပ်ပေါင်း ၁၃ ထပ်ပါဝင်မည်ဖြစ်သည့်အတွက် စုစုပေါင်းအထပ်ပေါင်း ၁၇ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေးတည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဈေးတည်ဆောက်ရန် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ ပြီးစီမည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံတွင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရကာ သတ်မှတ်ကာလထက် လအနည်းငယ် နောက်ကျနိုင်ကြောင်း သိရသည်။ ယခင် မင်္ဂလာဈေးဟောင်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက မီးလောင်းဆုံးရှုံးခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


