နေပြည်တော် နိုဝင်ဘာ ၂၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ကွမ်းခြံလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ ပိုင်ပိုင်(ခ)စိုင်းမင်းခန့်ကို စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ၁ နာရီခွဲတွင် အလုံမြို့နယ်၊ စောရန်ပိုင်(တောင်) ရပ်ကွက်၊ ငုဝါလမ်းရှိ မောင်မောင်နိုင်(ခ)ကျားရှင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ အိုက်စ် သုည ဒသမ ၃၅ ကီလို၊ ကက်တမင်း သုည ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီ ၄၅ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက် ရပ်ကွက်၊ ရွာလယ်လမ်းရှိ သီဟန်လင်း (ခ) သီဟန် (ခ) ကိုသီ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်