ရန်ကုန် ၂၆ ဇူလိုင်
မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်း ၂၀၂၀ ပြည့်နှစ် မြို့နယ်မျက်နှာ စုံညီအစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ Central Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ သဘာပတိ မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလင်း(လင်းကိုကို)က အဖွင့်အမှာစကား ပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဆရာလှ (မွန်မြတ်စေတနာ) က မြို့နယ်အမှုဆောင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်း တင်သွင်းအတည်ပြု ဖတ်ကြားသည်။
ထို့နောက် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလင်း(လင်းကိုကို)က ၂၀၁၉ ခုနှစ် တတိယအကြိမ်မြောက် မြန်မာ့လူမှုအကျိုးပြု ပရဟိတဆုပေးပွဲတွင် (စံပြ) ထူးချွန်ဆုရရှိသော မင်္ဂလာတောင်ညွန်မြို့နယ် စာရေးဆရာအသင်းမှ အသင်းဝင် ဒေါ်သန်းရီ(ခ) မယဉ်ကျေးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်းသို့ အသင်းသားများ ကျန်းမာရေး စောင့်ရှောက်နိုင်ရန် အလှူရှင် ဦးကျော်ညွန့်(ကျော်ညွန့်ရည်)-ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ)က အလှူငွေ ဆယ်သိန်းကျပ်နှင့် တစ်ခြား အလှူရှင်များက အလှူငွေ၊ စာအုပ်စာပေများနှင့် တိုင်းရင်းဆေးဝါးများကို မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလင်း(လင်းကိုကို) နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး အသင်းဥက္ကဋ္ဌက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကန်တော့ခံ သက်ကြီးစာပေပညာရှင်များအား လက်ဆောင် ပစ္စည်းများဖြင့် ပူဇော်ကန်တော့ပြီး သက်ကြီးစာပေပညာရှင်များကိုယ်စား စာရေးဆရာ ဦးလှမြင့်(ဂန္ဓမာ)က မုဒိတာစကား ပြောကြားသည်။
ထို့နောက် ဒုတိယအကြိမ် ညီလာခံ (၄)နှစ် သက်တမ်းကာလတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် အမှုဆောင်အဖွဲ့ နှုတ်ထွက်ပြီး အမှုဆောင်သစ် ရွှေးချယ်ခြင်းကို ဆက်လက် ပြုလုပ်သည်။
ယနေ့ ကျင်းပသည့် မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်း ၂၀၂၀ ပြည့်နှစ် မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော Physical Distancing နှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/နေလင်း)


