မန္တလေး ၂၇ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖက်ရင်းကျေးရွာတွင် နှစ်ပေါင်း(၁၀ဝ)ကျော်သက်တမ်းရှိ ဖျောက်ဆိမ့်ပင်အနှစ်မှ စေတီပုံထွက်ပေါ်လာသည်ဟုဆိုကာ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း အဆိုပါ ကျေးရွာဒေသခံများထံမှ သိရသည်။
“ဦးလေးတို့အဖေ မမွေးခင်ကတည်းက ယာကန်သင်းမှာ ဖျောက်ဆိမ့်ပင် သုံးပင်ရှိခဲ့တာလို့ သိရပါတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ ဦးလေးအဖေက အသက်(၉၄)နှစ်မှာ ဆုံးသွားတာပါ၊ ဦးလေးအဖေမမွေးခင်ကတည်းက ဒီအပင်ကြီးတွေ ရှိနေခဲ့တာဆိုတော့ နှစ်ပေါင်းတစ်ရာကျော်ပါပြီ၊ တစ်ပင်ကတော့ သေသွားတာကြာပါပြီ၊ ဒါက ဒုတိယအပင်ပါ၊ ဒီအပင် ပင်စည်အခြေကနေ ကိုင်းနှစ်ကိုင်းဖြာထွက်နေတာပါ၊ လွန်ခဲ့တဲ့သုံးနှစ်လောက်က တစ်ကိုင်းက ယာခင်းထဲမှာ လဲကျနေလို့ ပြီးခဲ့တဲ့ တစ်လလောက်က မြင်းခြံမြို့မှ လာရောက်ဝယ်ယူသူကို ထင်းအဖြစ်နဲ့ ရောင်းလိုက်တာပါ၊ လာရောက်ဝယ်ယူသူတွေက သူတို့ဖြတ်နိုင်သလောက် ခုတ်ဖြတ်ပြီး ယူသွားပြီးပါပြီ။ အပင်ခြေမှ (၁၅)ပေကျော်လောက်ကျန်တဲ့ အပိုင်းကို ကျေးရွာသူ ကျေးရွာသားတွေက စားပွဲခုံပြုလုပ်ရန် လွှနှင့်ဖြတ်ခဲ့ရာမှ ဖျောက်ဆိမ့်ပင်ရဲ့အနှစ်က စေတီပုံပေါ်လာတာပါ၊ ပင်စည်ရဲ့အနှစ်က စေတီပုံပေါ်တာဆိုတော့ တခြားဘက်ကကြည့်ရင်လည်း ဒီပုံပါပဲ၊ ယာကန်သင်းမှာတော့ ဒုတိယအပင်က တစ်ကိုင်းနဲ့ နောက်ထပ်တစ်ပင် ရှိပါသေးတယ်’’ဟု ဖက်ရင်းကျေးရွာမှ အသက်(၅၀)အရွယ်ရှိ ဦးငွေကြိုင်က ပြောသည်။
လက်ရှိတွင် နှစ်ပေါင်း တစ်ရာကျော် ဖျောက်ဆိမ့်ပင်များနှင့် စေတီပုံပေါ်ထွက်လာသော ဖျောက်ဆိမ့်တုံးများအား ဖက်ရင်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ လာရောက်ကြည့်ရှုသူတွေ နေ့စဉ်များပြားလျက်ရှိကြောင်းဟု ဖက်ရင်းကျေးရွာမှ ဒေသခံများထံမှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


