မြင်းခြံ  ၁၈  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (တတိယအကြိမ်)တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်မှူး ဦးညီညီအောင်က ယခုလို ထောက်ပံ့ငွေ များပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် နှင့် မြို့မိမြို့ဖများမှ ထောက်ပံ့ငွေများပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး ပြည်သူများထံ လက်ဝယ်အရောက် အမြန်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

 မြင်းခြံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၄၉၅၅၅) စုအတွက် တစ်အိမ်ထောင်လျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၉၉၁၁၀၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စွာ(မြင်းခြံ)