အထက်မင်းလှ     ၂၆       ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ အတွင်း ပင်စင်စားများအတွက် ပင်စင်များကို ဩဂုတ် ၂၁ ရက်မှစတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေး ထုတ်ပေး လျက်ရှိသည်။

 

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူ သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျရှိစေရန် သုံးပေအကွာ စည်းများ ပြုလုပ်‌ပေးထားခြင်း၊ လက်ဆေးဘေစင်များပြုလုပ်ထားခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ဩဂုတ် ၂၁ ရက်၊ ၂၄ ရက်၊ ၂၅ ရက်တို့တွင် အသုတ်များခွဲ၍  နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးခဲ့ပြီး ကျန်ရှိသူများကို ဩဂုတ် ၂၆   ရက်၊ ၂၇ ရက်၊ ၂၈ ရက်တို့တွင်  နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်များတွင်  လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများကို  စက်တင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ပင်စင်များ ထုတ်ပေးမည်ဖြစ်သည်။ မင်းလှမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၃)ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်တင်တင်ဌေးထံမှ သိရသည်။

 

ဇာဇာ(အထက်မင်းလှ)