အထက်မင်းလှ   စက်တင်ဘာ   ၁၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မင်းလှမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် မြို့နယ် ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိတို့က မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးမှု၏အစိတ်အပိုင်း(၃)ရပ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် လူကုန်ကူးမှုကို ကြိုတင်ကာကွယ်ရေး၊ ဥပဒေဖြင့်အရေးယူးရေး၊ အကာအကွယ်ပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးများစသည့် သင်ခန်းစာများအား ဆွေးနွေးပို့ချပေးခဲ့သည်။

 

ထို့နောက် သင်တန်းသို့တက်ရောက်လာသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင် နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

                                                                                                                      ဇာဇာ(အထက်မင်းလှ)