မင်းလှ ၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် အတွင်းရှိ အရှိုချင်းတိုင်းရင်းသားများ နေထိုင်လျက်ရှိသော ချောင်းခွကျေးရွာနှင့် ဒေါင်းဘုတ်ကျေးရွာတို့၌ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေများဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောင်းခွကျေးရွာတွင် ရေတွင်းများရှိသော်လည်း ရေစုကန်မရှိသဖြင့် ရေစုကန်တစ်ခု တည်ဆောက်ပေးပါရန် တင်ပြလာမှုကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၄၅ သိန်းဖြင့် ဂါလန် ၅၀ဝဝ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ဒေါင်းဘုတ်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် ကျေးရွာနှင့် ပေ ၄၀ဝ၀ ခန့် ကွာဝေးသောနေရာမှ ခက်ခဲစွာ သယ်ယူနေရသဖြင့် ကျေးရွာအတွင်းသို့ ရေရောက်ရှိအောင် ဆောင်ရွက်ပေးပါရန် တင်ပြလာမှုကြောင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၈၀ သိန်းဖြင့် လက်တူးတွင်းတစ်တွင်း တူးဖော်ခြင်း၊ ရေပိုက်လိုင်း (၄၃၀ဝ)ပေ သွယ်တန်းခြင်း လုပ်ငန်းများကို ယခု ဘဏ္ဍာနှစ်အမီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောပြသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေပြင်အခြေအနေအား သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဟန်၊ မင်းလှမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ချောင်းခွကျေးရွာတွင် ရေစုကန်အား ရေရှည်အတွက် မျှော်မှန်းပြီး ကုန်းမြင့်နေရာတွင် တည်ဆောက်သွားကြရန်နှင့် ဒေါင်းဘုတ်ကျေးရွာတွင် ကျေးရွာမှ ရွေးချယ်ထားသော လက်တူးတွင်း တူးဖော်မည့် နေရာနှင့် ရေပိုက်လိုင်း သွယ်တန်းမည့် အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးပါက အိမ်ခြေ ၁၉၅ အိမ်မှ အရှိုချင်းတိုင်းရင်းသား ၇၀ဝ ကျော်တို့၏ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


