မင်းလှ ၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော ချောင်းခွကျေးရွာနှင့် ဒေါင်းဘုတ်ကျေးရွာတို့၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေများဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောင်းခွကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ ခုဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၄၅ သိန်းဖြင့် ဂါလန် ၅၀ဝ၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ဒေါင်းဘုတ်ကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၈၀ သိန်းဖြင့် လက်တူးတွင်းတူးဖော်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောပြသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြေပြင်အခြေအနေအား သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဟန်၊ မင်းလှမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှု့ရာတွင် လက်ထောက်ညွှန်ကြားရေးမှူးက ချောင်းခွကျေးရွာတွင် ရေစုကန်အားရေရှည်အတွက် မျှော်မှန်းပြီး ကုန်မြင့်နေရာတွင် တည်ဆောက်သွားကြရန်နှင့် ဒေါင်းဘုတ်ကျေးရွာတွင် ကျေးရွာမှ ရွေးချယ်ထားသော လက်တူးတွင်းတူးဖော်မည့် နေရာနှင့် ရေပိုက်လိုင်းသွယ်တန်းမည့် အခြေအနေများအား ကြည့်ရှု့ကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက အိမ် ၁၆၈ အိမ်မှ အရှိုချင်းတိုင်းရင်းသား ၅၀ဝ ကျော်တို့၏ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


