မင်းလှ   ဇန်နဝါရီ   ၇

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု၊ စမ်းအိုင်ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီများ ကျေးရွာကော်မတီဝင်များနှင့်အတူ စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် လမ်းခံနိုင်ဝန်စစ်ဆေးတိုင်းတာခြင်း California Bearing Ratio(CBR)များပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို‌ ဆွေးနွေးမှာကြားသည်။  

 

အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘက်ဂျက် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉ ဒသမ ၃၇၄၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ စမ်းအိုင်ကုန်ထုတ်လမ်းသည် အဆိုကျေးရွာရှိ အိမ်ခြေ(၃၈၀)အိမ်၊ လူဦးရေ(၁၅၃၈)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက(၆၂၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်၏ ပြောပြချက်အရ သိရသည်။

 

စိုးမိုးကျော်