အထက်မင်းလှ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာအဖြစ် တည်ထောင်မည့် မင်းတဲကြီးကျေးရွာ၌ ထင်းအစား အခြားလောင်စာသုံးစွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေရန် ရည်ရွယ်၍ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက သံပုံးစွပ်အေဝမ်းမီးဖို ၁၃၇ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းတဲကြီးကျေးရွာ မူလတန်းကျောင်းတွင် သရက်ခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ကျေးရွာနေပြည်သူများအနေဖြင့် ဌာနမှ အခမဲ့ဖြန့်ဝေပေးသော မီးဖိုကိုသုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုကို ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ကာ             သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ကြောင်း၊ တစ်အိမ်ထောင် ထင်း ၁၀ ချောင်းကုန်လျှင် ယခုမီးဖိုသုံးစွဲပါက ထင်း ၆ ချောင်းသာကုန်ပြီး ၄ ချောင်း သက်သာကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအား အသိပညာပေးပြောကြားပြီး ထင်းအစား အခြားလောင်စာသုံးစွဲရေးအတွက် ကျေးရွာနေပြည်သူများထံ သံပုံးစွပ်အေဝမ်းမီးဖို ၉၁ လုံး ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မင်းလှမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင်   ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး         သံပုံးစွပ်အေဝမ်းမီးဖို ၄၆ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသော အိမ်ထောင်စု ၄၆ စုအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)