မင်းလှ   ၃၀ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ဥယျာဉ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့်ရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

7050

 

မင်းလှ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်သိန်း ၉၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀ သိန်း ဖြင့် ဥယျာဉ်ကျေးရွာ၌ ကျေးရွာတွင်း အရှည်ပေ ၈၀ဝ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန နည်းပညာ အကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ယခုလ ပထမပတ် က စတင် ဆောင်ရွက်လျက်ရှိရာ ယခု ၅၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်(လက်ထောက်ညွှန်ကြားရေးမှူး) ကပြောပြသည်။

 

4333

 

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု့များအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာ ရှိ အိမ်ခြေ  ၂၁၀ မှ လူဦးရေ ၉၆၃ တို့၏ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးလုပ်ငန်း များတွင် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)