အထက်မင်းလှ ၂၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများ သွားလာမှုလွယ်ကူ လျင်မြန်ကောင်းမွန်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ရုံးရပ်ကွက်မြောက်ပိုင်းရှိ ရှင်စောပုလမ်းနှင့် မြို့မရပ်ကွက်ရှိ လုပ်သားလမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ဇွန် ၂၅ ရက် ညနေ ၄ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၁၅ သိန်းဖြင့် ရှင်စောပုလမ်းအရှည် ၈၆၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း၊ ငွေကျပ် ၂၁၉ သိန်းဖြင့် လုပ်သားလမ်း အရှည်ပေ ၉၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ ဦးမောင်ကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း တို့ပါဝင်သည့်အဖွဲ့က လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအဖွဲ့စစ်ဆေးစဉ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ ဒေါ်နှင်းယုအေးတို့က လုပ်ငန်းအပိုင်းအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


