အထက်မင်းလှ ၂၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ဆပ်ပြာကျေးရွာ၏ တောင်ဘက် ငါးမိုင်ခန့်အကွာ အင်ကြင်းတောင်ကုမ္ပဏီက တူးဖော်လျက်ရှိသည့် ကျောက်မီးသွေးတွင်း၌ ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်မီးသွေးတွင်းထဲသို့ တောင်ကျရေများစီးဝင်ပြီး မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယ်ထုတ်နိုင်ရေးဆောင်ရွက်
အဆိုပါ မြေပြိုမှု ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း၌ ကျောက်မီးသွေး တွင်းတူးလုပ်သားများဖြစ်ကြသည့် မင်းလှမြို့ မြောက်ရပ်ကွက်မှ မောင်အောင်ချမ်းသာ၊ မင်းလှမြို့ ကန်တုတ်ကျေးရွာအုပ်စု ကျောက်ထောင်ကျေးရွာမှ မောင်နိုင်ထက်ဦးနှင့် မောင်စိုးအောင်၊ အမ်းမြို့ လှကာရကျေးရွာမှ မောင်ပိုင် စိုးဝင်းတို့လေးဦးမှာ ကျောက်မီးသွေးတွင်း၌ ပိတ်မိနေသဖြင့် ၎င်းတို့အား ကယ်ထုတ်နိုင်ရေးအတွက် ကျောက်မီးသွေးတွင်းရှိ ရေများကို ရေစုပ်စက်ဖြင့် စုပ်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မင်းလှနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဆပ်ပြာကျေးရွာနေ ပြည်သူများ၊ ကျောက်မီးသွေးတွင်းတူးလုပ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


