ပုဂံ  ၂  ဇူလိုင်   

ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်ကြသည့် ပြည်ပနိုင်ငံသားများအနက်မှ တရုတ်နိုင်ငံသူ နိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လည်ပတ်ရာတွင် မြင်းလှည်းငှားစီးသူ များလာခြင်း ကြောင့် မြင်းလှည်းအငှားလိုက်လုပ်ငန်း ပြန်လည်တွက်ခြေကိုက်နေကြပြီဖြစ်ကြောင်း မြင်းလှည်းထောင်ထားသည့် ဦးစိုးဝင်းက ပြောသည်။

 

2

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ရောက်ရှိလာသည့် ပြည်ပနိုင်ငံသား များအနက် တရုတ်လူမျိုးများနှင့် ဂျပန်လူမျိုးများသည် ပုဂံဒေသသို့ လည်ပတ်ရာတွင် မြင်းလှည်းများသာ ငှားရမ်းစီးကြပြီး မြင်းလှည်းတန်းဖြင့် ရှေးဟောင်း ဘုရားစေတီပုထိုးများ၊ သာသနိက အဆောက်အအုံများကို လေ့လာကြကြောင်း၊ သာသနိက အဆောက်အအုံများ ကြားရှိ မြေသားလမ်းများအတိုင်း လိုက်လံကြည့်ရှု လေ့လာကြကြောင်းနှင့် တရုတ် လူမျိုးများက ဓာတ်ပုံရိုက် ဝါသနာကြီးကြောင်း ပုံစံအမျိုးမျိုးဖြင့် ရိုက်ကူကြခြင်းနှင့် ပုဂံဒေသ၏ အထင်ကရ သမိုင်းဝင်ဘုရားများအား နေရာစုံ ဓာတ်ပုံရိုက်ကူးတတ်ကြောင်း ရွှေစည်းခုံဂေါပက အတွင်းရေးမှူး ဦးလှကြိုင်မှပြောပြသည်။

 

3

 

မြင်းလှည်း ငှားစီးခ တစ်နာရီ ငွေကျပ်တစ်သောင်း ရရှိကြောင်းနှင့် တစ်ရက်လျှင် အနည်းဆုံး တစ်နာရီစီ လိုက်ရကြောင်း သုံးနာရီ၊ လေးနာရီထိ လိုက်ရသည့် နေ့များလည်းရှိကြောင်း မြင်းလှည်းမောင်းသူများထံမှ သိရသည်။ 

 

4

 

တောင်ကိုရီးယား လူမျိုးများနှင့် ဥရောပနိုင်ငံသားအများစုသည် E-Bike နှင့်စက်ဘီးများသာ အစီးများကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံသားများ  ဗီဇာကင်းလွတ် ဝင်ရောက်ခွင့်ပြုသည့် အချိန်မှစကာ တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများ အများအပြား ဝင်ရောက်လာခဲ့ကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကထံကသိရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မြင်းလှည်းအငှားလိုက်သူများ ပြန်လည်အဆင်ပြေလာကြကြောင်း သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)