မြင်းမူ ၂၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် အရေးပေါ်စောင့်ကြည့်လူနာသုံးပစ္စည်းများ ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာလ(၂၂)ရက်ရက်(ယနေ့)နံနက်ပိုင်းက၊ မြင်းမူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အရေးပေါ်စောင့်ကြည့်လူနာများအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများဝယ်ယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြတောင်းခံခဲ့ရာ၊ ခွင့်ပြုငွေရရှိခဲ့သဖြင့် ယခုကဲ့သို့လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူကာ ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်ထံမှသိရှိရသည်။
ယင်းဆေးရုံသုံးပစ္စည်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်တို့က မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ကေသီခိုင်ထံ လွှဲပြောင်းပေးအပ်ရာ ဒေါက်တာကေသီခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထောက်ပံ့ပေးအပ်သော ပစ္စည်းများမှာ ကလေးအရွယ်သုံး ချွဲစုပ်စက်(၁)လုံး၊ လူကြီးသုံး ချွဲစုပ်စက်(၁)လုံး၊ အောက်စီဂျင်ပေးစက်(၃)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ အလိုအလျောက် သွေးပေါင်ချိန် တိုင်းစက်(၅)ခုနှင့် အောက်စီဂျင်ပမာဏတိုင်းစက် (၅) ခုတို့ဖြစ်ကြောင်း သိရှိရသည်။ လည်းကောင်းပစ္စည်းများ ဝယ်ယူရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၂၇,၅၀၀၀၀) ခွင့်ပြုပေးခဲ့ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)