မြင်းမူ  ၂၂   ဇွန်

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ယခု) ကျောင်းဖွင့်ရာသီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်း (၁၁)ကျောင်း အဆင့်တိုးဖွင့်လှစ်ကာ ပညာသင်ကြားလျှက်ရှိကြောင်း သိရှိရသည်။

 

အဆင့်တိုးဖွင့်လှစ်ခွင့်ရရှိခဲ့သောကျောင်းများမှာ အခြေခံပညာမူလတန်းကျောင်းမှ    မူလွန်ကျောင်းအဆင့်သို့ ဘိုးမင်းကြီးကင်းကျေးရွာ၊ ဂရုကျေးရွာ၊ ငါးကင်း(တောင်) ကျေးရွာနှင့် သူဌေးကုန်းကျေးရွာ၊ မူလတန်းလွန်မှ အလယ်တန်းကျောင်းခွဲအဆင့်သို့ လက်ပန်ကျင်းကျေးရွာနှင့် စည်ပင်ကျေးရွာ၊ အလယ်တန်းကျောင်းခွဲမှ အလယ်တန်းဆင့်သို့  ထီးဆောင်းကျေးရွာ၊ အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲသို့ မကျီးကန်ကျေးရွာ၊ မဲနောကျေးရွာ၊ ပဒတ္ထိုင်းကျေးရွာနှင့် ကန်တော်ကျေးရွာတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရသည်။ 

 

ယခုကဲ့သို့ အခြေခံပညာကျောင်းများ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်မှုကြောင့် ကျေးရွာများရှိ ကျောင်းသား/သူများအနေဖြင့် တိုက်နယ်ကျေးရွာနှင့်မြို့ပေါ်ကျောင်းများသို့  သွားရောက်ပညာသင်ကြားရန်မလိုဘဲ မိမိကျေးရွာနှင့် ပတ်ဝန်းကျင်အနီးရှိ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သောကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်၍ ကျောင်းသား/သူများနှင့် မိဘများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း  အဆင့်တိုးဖွင့်လှစ်ခွင့်ရရှိခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှုးများထံမှ သိရှိရသည်။ ယခုပညာသင်နှစ်တွင် မြင်းမူမြို့နယ်အတွင်းရှိ အခြေခံကျောင်း ပေါင်း(၁၀ဝ)တွင် ကျောင်းသား/သူပေါင်း (၁၆၈၀၈)ဦး ပညာသင်ကြားလျှက်ရှိကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)