မြင်းမူ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဆောင်းကုလားပဲ (၁၄၅၄၀)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ ယခုကွင်းမပိတ်မီ ဒီဇင်ဘာလကုန်ထိ ကုလားပဲ (၁၄၃၁၈)ဧက စိုက်ပျိုးထားရှိပြီး ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် (၉၂၂)မြန်မာမျိုး ဒေသအခေါ် (အနီ) မျိုးကို အများအပြား စိုက်ပျိုးကြပြီး ကုလားပဲ (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး(၃)တင်း အပါအဝင် တောင်သူစရိတ်၊ ဆေးဝါးအသုံးပြုခ၊ နုတ်သိမ်းအပြီး ငွေကျပ် ၅၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပျမ်းမျှ တင်း(၄၀)ထွက်ရှိပြီး ကုလားပဲ (၁)တင်းဈေးမှာ  ပျမ်းမျှ ငွေကျပ် ၆၀၀၀၀ ဈေးရရှိသည်ဖြစ်၍ တစ်ဧကလျှင် အရင်းနုတ်ပြီး အသားတင်ငွေ ကျပ် ၁၈ သိန်းကျော်ရရှိကြောင်း မြင်းမူမြို့၊ တပင်ရွှေထီးရပ်မှ နှစ်စဉ် ကုလားပဲစိုက်ပျိုးလုပ်ကိုင်နေသူ ဒေါ်စန်းစန်းထံမှ သိရှိရသည်။

မြင်းမူမြို့နယ်တွင် ပဲမျိူးစုံ (၃၇၀၂၅)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ဒီဇင်ဘာလကုန် ကွင်းမပိတ်ချိန်ထိ (၃၅၂၇၃)ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် ကုလားပဲအနေဖြင့် စိုက်ပျိုးရန်လျာထား (၁၄၅၄၀)ဧကအနက် ကွင်းမပိတ်ချိန်ထိ (၁၄၃၁၈)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိ ပဲစိုက်မြေများတွင်လည်း ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)