မြင်းမူ ၁၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်လျှက်ရှိရာ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်းနှင့်မြေပဲကို အဓိကထားစိုက်ပျိုး လုပ်ကိုင်လျှက်ရှိကြသည်။
မိုးကျရာသီဖြစ်သည့် ဩဂုတ်လတွင်စိုက်ပျိုးကြသည့်အတွက် ဒေသအခေါ်မှာ ဩဂုတ်ပဲဟု ခေါ်ဆိုကြကြောင်း၊ ထွက်ရှိလာသည့် မြေပဲများမှာ နှစ်စဉ်ဈေးကွက်ခိုင်မာသည့်အတွက် ကျွန်တော်တို့တောင်သူ အများအပြားစိုက်ပျိုးကြကြောင်း၊ ထွန်ရေးကောင်းခြင်း၊အတန်းလိုက်စနစ်တကျ စိုက်ပျိုးခြင်းနှင့်ရာသီဥတု မှန်ပါက မြေပဲစိုက်တောင်သူများ အတွက် အမြတ်အစွန်းပိုမိုရရှိကြောင်း၊ စိုက်ပျိုးပြီးတစ်မိုးကောင်း ကောင်းကောင်းရရှိပါက ပိုမိုအောင်မြင် နိုင်ကြောင်း၊ ပိုးမွှားများကြိုက်သည့်အပင်ဖြစ်သည့်အတွက် ပိုးသတ်ဆေးများ အထိုက်အလျောက် အသုံးပြုရကြောင်း၊ ယခုနှစ်တွင် မိုးခေါင်သည့်အတွက် မြေပဲထွက်ရှိမှု အနည်းငယ် လျော့ကျနိုင်ကြောင်း၊ ပုလဲတန်ကျေးရွာမှ မိုးမြေပဲစိုက်ပျိုးတောင်သူ ဦးအေးထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ အများအပြား စိုက်ပျိုးသည့် သီးနှံဖြစ်သည့်အတွက် ယခုအချိန်ထိ မိုးမြေပဲ ဧက(၂၅၄၉၈)ကို စိုက်ပျိုးထားရှိကြောင်းနှင့် ဆက်လက်စိုက်ပျိုးနေသည့် တောင်သူအချို့လည်း ကျန်ရှိနေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)