မင်းပြား ၃ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ မီးငြှိမ်းသတ်ရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် လူထုကြံကြံခံနိုင်စွမ်း မြှင့်တင်ရေးစီမံချက်မှ အသေးစားမီးသတ်စက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့က မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်၊၊
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်က မီးသတ်စက်များအား ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မင်းပြားမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးစံကျော်မှ အသင်း၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အတွင်းရေးမှူး ဦးမျိုးဇော်ထွန်းဦး မှလည်း စက်များရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နည်းလမ်းမှန်ကန်စွာဖြင့် အကျိုးရှိစွာအသုံးပြုနိုင်ရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး မီးသတ်စက်များအား ထောက်ပံ့ပေးအပ်ရာ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်၊ လူထုကြံကြံခံနိုင်စွမ်းမြှင့်တင်ရေးစီမံချက် စီမံကိန်းကျေးရွာများဖြစ်သည့် ကံဖေ၊ အပြင်ဒုံးရှောင်၊ စပါးထား၊ အသေကာလ၊ မြင်းကဆိပ်၊ ကြမ်းတိုက်၊ တောင်တိုက်၊ ဝါး တောင်၊ လက်ခုတ်၊ ကံချောင်းဝ၊ ထောင့်ချေ၊ ပွင့်ထီး၊ ခေါင်းလောင်းရွာဟောင်း၊ ခေါင်းလောင်းရွာ သစ်၊ မြင်းတင်မ၊ ဇိုင်ချောင်း စသည့် ကျေးရွာ ၁၆ ရွာအား သဘာဝဘေးလျော့ပေါ့နိုင်ရေးအတွက် ကြိုတင်သတိပေးခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကျေးရွာအခြေပြုမီးဘေးလျော့ပေါ့ခြင်းနှင့် မီးငြှိမ်းသတ်နိုင်ရေးတို့အတွက် လိုအပ်နေသည့်အသေးစားမီးသတ်စက် ၁၆ လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအသီးသီး၏ တာဝန်ခံများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကာ အသုံးပြု နည်းလမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


