မင်းတပ်  ၃  ဇူလိုင်

မင်းတပ်မြို့ စံပြရပ်ကွက်၌ တည်ဆောက်လျက်ရှိသည့် မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ RCC(၂)ထပ် အဆောက်အုံဆောက်လုပ်ပြီးစီးမှု အခြေအနေကို မင်းတပ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ (၆)ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀)ဖြင့် Winner Myanmar ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည်။ Winner Myanmar ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးရန်နိုင်ထွန်းက " ဒီအဆောက်အအုံဟာ (၁၄၄' × ၄၂' - ၃') (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာဖြစ်တယ်၊ လျာထားဘတ်ဂျက်ကတော့ ကျပ်သန်း(၄၄၉)သန်းဖြစ်တယ်၊ ဒီနှစ်ဘတ်ဂျက်ကတော့ ကျပ်သန်း(၂၀၀)ဖြစ်တယ်၊ တည်ဆောက်ပြီးစီးမှုအခြေအနေက ဒီနှစ်ဘတ်ဂျက်ရဲ့ ၆၅ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ" ဟုပြောကြားသည်။

 

မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှစ၍ တည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအပြီးသတ် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)