မင်းတပ်  ၃  ဇူလိုင်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မရှိန်းလှော်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် မင်းတပ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက မရှိန်းလှော်ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို လမ်းအပိုင်း(၄)ပိုင်းဖြင့် လမ်းမိုင် စုစုပေါင်း (၃/၆.၃) မိုင်ဖောက် လုပ်ခြင်း၊ ရေပြွန်(၁၆)စင်း၊ မြေထိန်းနံရံ (၈၀) ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ၁၈၂ ဒသမ ၄၆ သန်းဖြင့်  တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက ဇွန်လဒုတိယပတ်က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ဝဥ၊ ဆပ်နီ၊ ဆပ်ဝါ၊ ပြောင်းနှင့် အခြားသီးနှံများအား ယခင်ကထက် သယ်ယူပို့ဆောင်ရန်လွယ်ကူမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ပြောသည်။

 

စိုးမိုးကျော်