မင်းတပ် ၁၆ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့်စာရင်း ကပ်ထားကြေညာနိုင်ရေးအတွက် မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နေရည်ဝင့်က ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲရုံအလိုက် မဲစာရင်းကပ်ထားကြေညာနိုင်ရေး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန်ဆွေးနွေးသည်။
ဆက်လက်၍ ရပ်/ကျေး မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်ရောက်ရန် အမည်စာရင်း ပေးသွင်းထားသူများအနေဖြင့် သင်တန်းပို့ချပေးရန် အချိန်နီးကပ်လာပြီဖြစ်၍ မြို့နယ်ရဲစခန်းသို့ သတင်းပို့ပေး နိုင်ရေးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟိန်းက ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်ရန် ခက်ခဲသည့် ကျေးရွာများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


