မင်းတုန်း ၂၄ သြဂုတ်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ပန်းတောကျေးရွာ၌ သောက်သုံးရေ ရှားပါးမှုမရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြေသား မိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ပြောသည်။
ပန်းတောကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ပေးနိုင်ရေးအတွက် GP Survey တိုင်းတာမှုမျာပြုလုပ်ရာတွင် မြေအောက်ရေအောင်းလွှာမရှိ၍ အဝီစိစက်ရေတွင်းတူးဖော်ရန်ခက်ခဲနိုင်ကြောင်း တွေ့ရှိရခြင်း၊ နှစ်စဉ်နွေရာသီကာလရောက်တိုင်း သောက်သုံးရေပြတ်လပ်သဖြင့် ဌာနဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ သောက်သုံးရေများသွားရောက်လှူဒါန်းပေးနေရခြင်းတို့ကြောင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများမှ ယခုနှစ် ဇွန်လမှ စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီမကုန်မီ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မိုးရေများ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ကဆက်လက်ပြောပြသည်။
အဆိုပါမြေသားမိုးရေလှောင်ကန် အလျား ပေ ၁၀ဝ× အနံပေ ၁၀ဝ× အနက်ခြောက်ပေ တူးဖော်ခြင်းကို ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေကျပ် ၅ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ တူးဖော်ခဲ့ခြင်းဖြစ်သည်။
ပန်းတောကျေးရွာတွင် မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၈၅၊ လူဦးရေ ၅၇၅ ဦးနှင့် တိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်သည်။
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်၌ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် သောက်သုံးရေရှားပါးမှုမရှိစေရန်ရည်ရွယ်၍ မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်း လုပ်ငန်းငါးခု၊ လက်တူးတွင်းတူးဖော်ခြင်း လုပ်ငန်း သုံးခုတို့အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၃၉ ဒသမ ၃၀ သန်းဖြင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ငြိမ်းသူ


