မင်းတုန်း ဩဂုတ်လ ၂၀
မင်းတုန်းမြို့နယ် ရေပုတ်ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ လက်နှိပ်တုံကင် တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အဆိုပါ ရေပုတ်ကျေးရွာ မြေသားရေကန်တူးဖော်ပြီးစီးမှုကို မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာများသည် ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ ဩဂုတ် ၁၉ ရက်နေ့က ကြည့်ရှုစစ်ဆေးပြီး ရေကန်အတွင်းသို့ ကျွဲ၊ နွား အစရှိသည့် တိရစ္ဆာန်များ ဝင်ရောက်ခြင်းမပြုလုပ်စေရန်၊ သို့မှသာ သန့်ရှင်းသောသောက်သုံး ရေရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ရေရှည်အသုံးပြုနိုင်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါရေပုတ်ကျေးရွာ မြေသားရေကန်တူးဖော်ခြင်း၊ လက်နှိပ်တုံကင်တပ်ဆင် ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၅၇အိမ်၊ လူဦးရေ ၂၂၅ ဦးနှင့် ကျေးရွာရှိ ကျွဲ၊ နွား အစရှိသည့် တိရစ္ဆာန်များအတွက် သောက်သုံးရေရရှိပြီဖြစ်ကြောင်း၊ ယခု မိုးတွင်းကာလဖြစ်၍ ရေကန်အတွင်း ရေများဝင်ရောက်နေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံက သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃ ဒသမ ၁၆ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မယ်သင်း(ကျေး/လက်)