မင်းတုန်း ၁၃ စက်တင်ဘာ   

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work  စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လတတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မင်းတုန်းမြို့နယ်အတွင်း Cash for Work ကို သဖန်းကိုင်း၊ ကံလည်၊ ကျွဲဘေး(အထက်)၊ စကတဲ့(အရှေ့)၊ ကျွဲဒွန်၊ ထန်းလေးပင်၊ သော်မောင်၊ မှန်(ရွာသစ်) ကျေးရွာ(၈)ရွာတွင် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း (၆)ခု၊ ချောင်းကျောက်ခင်းခြင်း လုပ်ငန်း(၂)ခု တို့ကို ကျေးရွာမှာရှိတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့တာ လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောသည်။

 

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှု၊ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀နှင့် ကျေးရွာလူထုလုပ်အား အသုံးပြု၍ လုပ်အားခ ၆၀ ရာခိုင်နှုန်း၊ ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်