မင်းတုန်း ဧပြီ  ၁၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ရေရရှိရေးလုပ်ငန်းခြောက်ခုကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၅၇ ဒသမ ၈၅ ကျပ်သန်း အသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ 

 

မင်းတုန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကံကုန်းကျေးရွာ၌ ဂါလန် ၅၀၀၀ ဆံ့ရေကန်တည်ဆောက်ခြင်းနှင့် အရှည်ပေ ၉၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ပန်းပင်ကုန်းကျေးရွာ၌ မြေသားရေကန် ၁၁၉၀၀၀ ကုဗပေ တိုးချဲ့ပြုပြင်ခြင်း၊  ရေပုတ်ကျေးရွာ၌ မြေသားရေကန် ၁၁၂၅၀၀ ကုဗပေတူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ လက်နှိပ်တုံကင်တပ်ဆင်ခြင်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၇ ဒသမ ၅ ကျပ်သန်းဖြင့်လည်းကောင်း၊ အင်းဗျက်ကျေးရွာနှင့် ဘူးတောင်း(ရှေ့)ကျေးရွာတို့၌ ဂါလန် ၅၀၀၀ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ကံလယ်ကျေးရွာ၌ မြေသားရေကန် ၁၅၀၀၀၀ ကုဗပေတိုးချဲ့ပြုပြင်ခြင်းတို့ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၂၀ ဒသမ ၃၅ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ယခုအခါလုပ်ငန်းများ စတင်ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင် ကပြောသည်။

 

မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ရေရရှိရေးလုပ်ငန်းခြောက်ခုကို ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ  ၅၄၈ အိမ်၊ လူဦးရေ ၁၇၀၅ ဦးနှင့် ကျွဲ၊ နွား စသော တိရစ္ဆာန်များ  သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်သည်။

 

စိုးမိုးကျော်